၂၀' x ၉' ယာယီကြော်ငြာဆိုင်းဘုတ်လျှောက်ထားခြင်း

ယာယီကြော်ငြာဆိုင်းဘုတ်များ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

၁။  လျှောက်လွှာများ လျှောက်ထားရာတွင် လျှောက်ထားသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာရေးသားဖော်ပြရန်။

၂။  လျှောက်ထားသူတစ်ဦးလျှင် ယာယီကြော်ငြာဆိုင်းဘုတ် အများဆုံး(၅)ခုသာ လျှောက်ထားရန်။

၃။  လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ ကြော်ငြာဒီဇိုင်းပုံစံ၊ လုပ်ငန်း/ ကုမ္ပဏီလိုင်စင်မိတ္တူ၊ အစိုးရအဖွဲ့အစည်း/ ဝန်ကြီးဌာန/ ဌာနဆိုင်ရာများ၏ထောက်ခံချက်(သို့မဟုတ်) လုပ်ငန်းဆောက်ရွက်ခွင့် (သို့မဟုတ်) ဖြန့်ချီခွင့် (သို့မဟုတ်) အခမ်းအနားကျင်းပခွင့်မိတ္တူ တို့ ပူးတွဲတင်ပြရန်။

၄။  လျှောက်လွှာအား ကြော်ငြာလိုသည့်နေ့ထက် (၁)လကြိုတင်၍ လျှောက်ထားရန်။

၅။  လျှောက်ထားမှုအရ ခွင့်ပြုပေးသော ယာယီဆိုင်းဘုတ်များအတွက် ကျသင့်သည့် ဆိုင်းဘုတ်ခွန်အား မပျက်မကွက်ပေးသွင်းရန်။

၆။  ခွင့်ပြုပေးသည့် ယာယီဆိုင်းဘုတ်များတွင် အရက်၊ ဘီယာ၊ စီးကရက်နှင့် ကန့်သတ်ကုန်များ၊ ယဉ်ကျေးမှုနှင့်မလျော်ညီသည့် ဒီဇိုင်းပုံစံများ ကြော်ငြာခြင်းမပြုရန်၊ ဒီဇိုင်းပုံစံ(ရောင်စုံ)အား လျှောက်လွှာနှင့်အတူ တစ်ပါတည်း ပူးတွဲတင်ပြရန်နှင့် ခွင့်ပြုပေးသည့် ဒီဇိုင်းပုံအတိုင်းသာ တပ်ဆင်ရန်။

၇။  လျှောက်ထားသည့်နေရာများသည် အခြားလျှောက်ထားသူများအား ခွင့်ပြုပြီးဖြစ်ပါက ကျန်ရှိသည့်ယာယီဆိုင်းဘုတ်များထဲမှ လျှောက်ထားသူကိုယ်တိုင် ရွေးချယ်၍ ပြောင်းလဲလျှောက်ထားရန်။

 

     ယာယီကြော်ငြာဆိုင်းဘုတ်များ လျှောက်ထားရာတွင် လိုက်နာရန်စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

၁။   ယာယီကြော်ငြာဆိုင်းဘုတ် အငှားချထားခံရသူသည် ဆိုင်းဘုတ်၏ ကြံ့ခိုင်မှုကို တာဝန်ယူရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက ပြီးဆုံးပြေလည်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

၂။    ဌာန၏ ခွင့်ပြုချက်ရရှိထားသည့် ကြော်ငြာဒီဇိုင်းအတိုင်းသာ တပ်ဆင်ဆောင်ရွက်ခြင်းပြုရမည်။(တွဲလောင်းလုံးဝမချရပါ။)

၃။    ကြော်ငြာဆိုင်းဘုတ်၏ မျက်နှာပြင်တွင် သင့်လျော်သောနေရာ၌ ငှားရမ်းစိုက်ထူခွင့်ရသူ၏ အမည်နှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကို မြင်သာအောင်ဖော်ပြရမည်။

၄။    ကြော်ငြာတွင်ပါရှိသော ဒီဇိုင်း၊ စာသားစသည့် အချက်အလက်များနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ငှားရမ်းစိုက်ထူခွင့် ရရှိသည့်သူကသာ တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။

၅။    ဌာန၏လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်သိမ်းရန်လိုအပ်ပါက ပြန်လည်ဖြုတ်သိမ်းပေးရမည်ဖြစ်သည်။

၆။    စိုက်ထူခွင့်ရရှိသည့် သက်တမ်းအား ကြော်ငြာဘုတ်တွင် (မပျက်မကွက်) ထင်ရှားစွာဖော်ပြပေးရမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသည့်နေ့တွင် အပြီးပြန်လည်ဖြုတ်သိမ်းရမည်။ ဖြုတ်သိမ်းခြင်းမရှိပါက ဌာန၏အစီအစဉ်ဖြင့် ဖြုတ်သိမ်းသွားမည်ဖြစ်ပြီး ဖျက်သိမ်းသည့်ကုန်ကျစရိတ်အား ကြော်ငြာရှင်များမှ ကျခံရမည်ဖြစ်သည်။

၇။    လျှောက်လွှာများကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ(၁) လကြိုတင်လျှောက်ထားရမည်ဖြစ်သည်။( ၁ လထက်ကျော်လွန်၍ ကြိုတင်လျှောက်ထားခြင်းမပြုရ။)

၈။    ခွင့်ပြုချက်ရရှိပြီး နောက်တစ်နေ့၌ သတ်မှတ်အခွန်ငွေပေးသွင်းရန်၊ ပေးသွင်းရန်ပျက်ကွက်ပါက လျှောက်ထားသူနှင့် လျှောက်ထားသည့်ကုမ္ပဏီအား (Black List) စာရင်းသွင်း၍ ခွင့်ပြုမိန့်ရုပ်သိမ်းပြီးဟု သတ်မှတ်မည်ဖြစ်ပါသည်။

၉။    လျှောက်လွှာပါ ခွင့်ပြုဒီဇိုင်းနှင့် ကွဲလွဲ၍ပြောင်းလဲတပ်ဆင်ပါက သတ်မှတ်အခွန်ငွေ၏ (၂) ဆ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။

၁၀။  သတ်မှတ်ဒဏ်ကြေးပေးဆောင်ခြင်းမရှိပါက (Black List) စာရင်းသတ်မှတ်မည်ဖြစ်ပါသည်။

၁၁။  အထက်ပါစည်းကမ်းချက်များကို သိရှိလိုက်နာဆောင်ရွက်ပါမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

Back to Top